Sunday, August 7, 2011

အမေ ဆိုတာ

သူတို့ ( ဂျော်ဂျီယာ) ပြည်နယ်က ဆိုရှယ်လစ် အမိနိုင်ငံပါတဲ့။ အဖနိုင်ငံလို့ မခေါ်ပါဘူး။ အမိကို ဘာဖြစ်လို့ ဒီလောက်တွယ်တာရသလဲဆိုတော့ လောကမှာ အမိသာလျှင် မဖောက်မပြန် မှန်ကန်သော ထာဝရ မေတ္တာရှင် ကရုဏာရှင်ဖြစ်လို့ပါတဲ့။
( ထိုတစ်နေ့-ဆောင်းပါး)

ဒီလောကမှာ အမေ့ကိုမှ မချစ်ဘူး။ မသိတတ်ဘူးဆိုတဲ့ လူဟာလေ သူကိုယ်တိုင် ဘယ်သူ့ကိုမှ ချစ်လိမ့်မယ် မထင်နဲ့။ တိုင်းပြည်ကိုလည်း မချစ်ဘူး။ ဘယ်သူ့ကိုမှလည်း ရိုသေမှာမဟုတ်ဘူး။ ဘယ်သူ့ကျေးဇူးကိုမှလည်း သိတော့မှာမဟုတ်ဘူးဆိုတာ စိတ်သာချ ဒိဠ ဒိဠအမှန်ပါပဲဗျာ။
(ထိုတစ်နေ့ - ဆောင်းပါး)

“အမေ”၊ “အမေ” အမေ့ဂုဏ်ကို သိပြီဆိုသည်နှင့် တစ်ပြိုင်နက် ယုံချင်ယုံ မယုံချင်နေ အလုပ်အကိုင် အတည်တကျနှင့် မကြောင့်မကြနေရတဲ့ ဘ၀ ရောက်ခဲ့ရတယ်။
( အမေစားရသော ထမင်းတစ်နပ်)

ကမ္ဘာကြီးတွေ ကမ္ဘာကြီးတွေမှာ အာဒမ်နဲ့အေ၀ကပဲ စတယ်ပြောပြော ၊ ဗြဟ္မာကြီးလေးပါးကစတယ်လို့ပဲပြောပြော သူတို့ထဲမှာ အမေဆိုတဲ့ ဣတ္ထိလိင်ကျေးဇူးရှင် ပါလာလို့သာ ကမ္ဘာကြီးက အဆက်မပြတ်ဘဲနဲ့ ဒီကနေ့အထိ ကျွန်တော်တို့အထိ၊ သားစဉ်မြေးဆက်တွေ ဖြစ်လာတာ မဟုတ်လားအမေ၊ ဒါကြောင့် “မ” သတ္တ၀ါများ အမများဟာ အမေတွေ ဖြစ်မယ့် အမများဟာ၊ အမေများဟာ ကမ္ဘာ့မိခင်လို့ မခေါ်ထိုက်ဘူးလား အမေရယ်။
နောက်တစ်ခု အမေ၊ ကမ္ဘာတွင်လား၊ သာသနာ့မိခင်လို့ရော မခေါ်ထိုက်ဘူးလားအမေ၊ အမေစဉ်းစားကြည့်နော်၊ တမန်တော်ပဲ ဖြစ်ဖြစ်၊ ခရစ်တော်ပဲ ဖြစ်ဖြစ်၊ ဗုဒ္ဓပဲဖြစ်ဖြစ် အမေတွေရဲ့ ၀မ်းကြာတိုက်မှာ သန္ဓေယူတော်မူကြရတာမဟုတ်လားအမေ။
(ပထမအကြိမ် အမေနေ့ ဟောပြောချက်)

မြတ်သော အလှူ ၆

ညောင်ပင်ကြီးလောက်လှူသော်လည်း ညောင်စေ့လောက်ကုသိုလ်သာရတတ်၏၊ ညောင်စေ့လောက်လှူသော်လည်း
ညောင်ပင်ကြီးလောက် ကုသိုလ်ရတတ်၏တဲ့။ ဤအဆိုအမိန့်ကို ကိုသက်ဦး ရေးရေးခြားခြား သဘောမပေါက်မိသေး။
ကိုယ့်မှာကလည်း သားနှစ်ယောက် သမီးတစ်ယောက်။ သားကြီးက ခုနစ် နှစ်၊ သားငယ်က လေးနှစ်။ နေမည်ဆိုလည်း နေလို့ရနိုင်သေးသည်။ လာမည့်နှစ် နှစ်၊ သုံးနှစ်အတွင်းတွင် မလွဲမသွေ ရင်ဆိုင်ရပေတော့မည်။ အဲ့ဒီအချိန်ရောက်လာပြီဆိုရင် ဘယ်ပုံဘယ်နည်းနှင့် ကိုယ့်သားမီးကို သာသနာ့ဘောင်သို့သွတ်သွင်းရမည်ကို ကိုသက်ဦး ကိုယ့်ကိုယ်ကို ပြန်မေးကြည့်မိသည်။ ကိုပေါက်စတို့လို သင်္ကန်းတစ်စုံ၊ သပိတ်တစ်လုံးနှင့် ကျောင်းအပ်လိုက်မည်လား။ ကိုယ့်မှာ အပေါင်းအသင်းက ရှိထားတော့ လိုက်ထားတာတွေလည်း ရှိထားတော့ ကိုသိန်းမြင့်လိုပဲ ကံစမ်းလိုက်ရမလား။ မမခင်တို့ သူငယ်ချင်း ဒေါက်တာသန့်ဇင်တို့လိုအလှူမျိုးတော့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ကို တွက်ပြီး ဖြစ်သည်။
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတိုင်း ဘယ်အတွက်ကြောင့် သားသမီးများအား ရှင်ပြုနားသအလှူမင်္ဂလာကို မဖြစ်မနေလုပ်နေကြသနည်း။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်သည့် ကိုသက်ဦး ကိုယ့်ကိုယ်ကို မေးမြန်ကြည့်မိသည်။ သံသာရာဝဋ်ဆင်းရဲမှ လွတ်ကင်းရန် ရည်သန်၍ လှူဒါန်းကြသည်ဟု ဖြေရမည်ပင်။ ဤသို့လှူဒါန်းခြင်းဖြင့် အပါယ်တံခါးပိတ်ပြီး နိဗ္ဗန်တံခါးဖွင့်စေမည်ဟု ဗုဒ္ဓဘာသာမြန်မာလူမျိုးတိုင်း ယုံကြည်ထားကြသည်ဟု ကိုသက်ဦးယေဘုယျအနေဖြင့် သဘောပေါက်ထားပါသည်။
သို့အတွက်ကြောင့် ဗုဒ္ဓဘာသာဝင်မြန်မာ လူမျိုးတိုင်း မိမိ၏ရင်မှဖြစ်သော ရင်နှစ်သည်းချာသားရတနာအား သာသနာ့ဘောင်သွတ်သွင်းခြင်းဖြင့် အပါယ်တံခါးကို ပိတ်စေခဲ့သည်။ နိဗ္ဗာန်တံခါးကို ပွင့်စေခဲ့သည်။ သားရတနာမထွန်းကားသည့် မိဘများကလည်း သူတစ်ပါးသား ပရပတ္တသားရတနာ များကိုသာ သာသနာ့ဘောင်သို့ သွတ်သွင်း နေကြခြင်းဖြစ်ပေသည်။
ထိုသို့ သာသနာ့ဘောင်သွတ်သွင်းရာတွင် မည်သို့မည်ပုံ လှူဒါန်းခြင်းဖြင့် လိုရာခရီးကိုရောက်နိုင်မည်နည်း။ မည်သို့သော အလှူအမျိုးအစားကို “မြတ်သောအလှူ”ဟုခေါ်ဆိုမည်နည်း။ ကိုသက်ဦး ဥာဏ်မမီတမီဖြင့် စဉ်းစားကြည့်သည်။
ခမ်းနားကြီးကျယ်စွာ အလှူကြီးပေးပြီး ကုန်သည်ထက်ပို၍အမြတ်ရလိုက်သော အလှူမျုးကို မြတ်သော အလှူဟု ခေါ်ပါသလား။
ခမ်းခမ်းနားနားဖြင့် စိတ်ပြတ်ကိုယ်ပြတ်လှူဒါန်းပြီး၊ အလှူငွေကို လုံးဝလက်မခံသော အလှူကြီးမျိုးကိုမှ မြတ်သောအလှူဟု ခေါ်ပါသလား။

မရှိဘဲနှင့် ချေးငှား၍လှူသည့် အလှူမျိုးက အပါယ်တံခါးကို ပိတ်စေနိုင်ပါသလား။

သင်္ကန်းတစ်စုံ၊ သပိတ်တစ်လုံးသာ တတ်နိုင်သည့် အလှူမျိုးရော နိဗ္ဗာန်တံခါးကို ဖွင့်စေနိုင်ပါသလား။

ချွေးနဲစာလေးတွေကို စုဆောင်းပြီး ပကာသနမစွက်၊ အရိုးကိုအရွက် မဖုံးဘဲ တတ်နိုင်သလောက် ဘုန်ကြီးကျောင်းအပ်ပြီး လှူသည့်အမျိုးအစားကို မြတ်သော အလှူဟု ခေါ်နိုင်ပါသလား။

ကိုသက်ဦး အပြန်ပြန်အလှန်လှန် စဉ်းစားသုံးသပ်မိသည်။ ကိုယ်၏ ရင်နှစ်သည်းချာ သားလှရတနာများအား ဘယ်ပုံဘယ်နည်းဖြင့် သာသနာ့ဘောင်သို့ သွတ်သွင်းရကောင်းမည်နည်း။ ကိုသက်ဦးမေးကြည့်ချင်သည်။ မိမိ၏ ချွေးနှဲစာလေးဖြင့် တတ်နိုင်သမျှလှူဒါန်းခြင်းဖြင့် အပါယ်တံခါးကို ပိတ်စေနိုင်မည်ဆိုလျှင်...။နိဗ္ဗာန်တံခါးကို ဖွင့်စေနိုင်မည်ဆိုလျှင်......။ ။

မြတ်သော အလှူ ၅

ဒီတစ်နွေလုံး နီးစပ်ရာ ဆွေမျိုးမိတ်သင်္ဂဟများ၏ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြုလုပ်ကြသည့် အလှူမျိုးစုံကို လက်မလည်အောင်လိုက်ခဲ့ရသည်။ သင်္ကန်းတစ်စုံ၊ သပိတ်တစ်လုံးဖြင့် ကျဉ်းနိုင်သမျှကျဉ်းအောင်လုပ်သွားသည့် ကိုပေါက်စတို့ အလှူမျိုးမှအစ စုပေါင်းပြီးလုပ်ကြသည့် ရှင်တစ်ထောင်အလှူပွဲမျိုးအလယ် မမခင်တို့လို ခမ်းနားကြီးကျယ်သည့် အလှူပွဲကြီးမျိုးအဆုံး ကိုသက်ဦးမရာက်ရောက်အောင် သွားပြီး လူမူ့ရေးတာဝန်များကျေအောင်ထမ်ဆောင်သည်။ အလှူနှင့်ပက်သက်သည့် သတင်းပလင်းလေးတွေ ၊အတင်းအဖျင်းလေးတွေ စုံအောင်လည်း ကြားခဲ့ရသည်။
“အစ်ကို မမခင်တို့အလှူတုန်းက ဘယ်လောက်ကုန်လို့ ဘယ်လိုမြတ်တယ်လို့ထင်သလဲ။ အလှူအတွက် အထွေတွေကုန်ကျစရိတ်က တစ်သိန်းခွဲတဲ့။ ပြန်ပြီးရတဲ့ အလှူငွေက နှစ်သိန်းခွဲတဲ့အစ်ကိုရဲ့။ မမခင်တို့များ အလှူအတန်းကို ပြောစမှတ်ဖြစ်အောင် ခမ်းခမ်းနားနား မျက်နှာပန်းလှလှလဲ လုပ်လိုက်ရသေးတယ်။ ငွေတစ်သိန်းကြီးများတောင် အမြတ်ရလိုက်သေးတာ။ ရမှာပေါ့အစ်ကိုရဲ့။ သူတို့ ဆွေမျိုးကလည်း တောင့်တယ်။ သစ်စက်ပိုင် ကားပိုင်ဆိုတော့ ဘာပြောကောင်းတော့မလဲ။ သစ်စက်နဲ့ ဆက်နွယ်နေတဲ့ ပျဉ်ကုန်သည်၊ သစ်ကုန်သည်တွေကလည်း မကင်းရာမကင်းကြောင်းဆိုတော့ သူထက်ငါ မျက်နှာလို မျက်နှာရ အားရ အလှူငွေကို အပြိုင်အဆိုင်ထည့်ကြတယ်။ ကားဘက်က မိတ်ဆွေအပေါင်းအသင်းတွေကလဲ မနည်းဘူး။ သူများတွေ ငါးရာ၊ တစ်ထောင်ထည့်နေကြတော့ ဒီလောက်ရင်းနှီးနေတာ သုံးရာလောက်မှ မထည့်ပြန်ရင်လည်း မကောင်းပြန်ဘူး။ ချိုတို့မှာ မရှိမဲ့ရှိမဲ့နဲ့ သူများအလှူပွဲအတွက် အကြွေးနှစ်ထောင်တင်လိုက်ရတာပဲ အဖက်တင်သွားတယ်။ ရှေ့လကစပြီး တစ်လနှစ်ရာအဖြတ်ခံရတော့မယ်။ ဟင်းချေးများတဲ့ အစ်ကိုနဲ့တော့ တွေ့ပြီ”
ဇနီးသည်၏ မချိုမချဉ်မျက်နှာဖြင့် ပြောသွားသည့်စကားတွေကို နားဆင်ရင်း ကိုသက်ဦးတစ်ယောက် ထမင်းဝိုင်းတွင် အမြဲတွေ့လာရတော့မည့် မရိုးနိုင်သည့် ဘဲဥကြော်ပန်းကန်ကို မြင်ယောင်လာရသည်။
ရုံးရောက်ပြန်တော့လည်း လုပ်ဖော်ကိုင်ဖက်တွေ အချင်းချင်းဝိုင်းဖွဲ့ရင်း သူတစ်ပါး၏အခက်အခဲကို ဟာသလေးတွေနှောပြီး ငိုအားထက်ရယ်အားသန်ခဲ့ကြရသည်။
“ကျွန်တော်တို့ ကိုသိန်မြင့်ကြီးတော့ သနားစရာတောင်ကောင်းနေပြီ၊၊ သူ့အဖြစ်က ဟိုဇာတ်လမ်းလို ဖြစ်နေတယ်။ ဘာတဲ့။ အလှူရေစက်ချပြီးလို့ “အမျှ..အမျှ..အမျှ ယူတော်မူကြပါကုနှ်”လို့ အမျှဝေရမဲ့အစား “အမျှ...အမျှ...အမျှ ကယ်တော်မူကြပါ” လို့ ယောင်ပြီးအော်ရမလိုဖြစ်နေတယ်။ သူများအလှူတွေ မြတ်တယ်ဆိုတာနဲ့ သူ့အလှူကျရင်လဲ မမြတ်ပေမယ့် ရှုံးတော့ မရှုံးနိုင်ဘူးလို့ တွက်ထားပုံရပါတယ်။ ဘေးကလည်း မြှောက်ပေးမယ့်လူက ရှိနေတော့ လုပ်ရဲတာပေါ့။ ကိုယ့်မှာမရှိပေမယ့် ကိုယ့်အလှူလေးကိုတော့ စည်စည်ကားကားဖြစ်ချင်တာကိုး။ အသိဆိုင်တွေကနေလှူဖွယ်ဝတ္တုပစ္စည်းတွေ အကျွေးအမွေးအတွက်လိုတဲ့ ငရုတ်၊ ကြက်သွန်ကအစ ပွဲပြီးငွေချေယူလိုက်တယ်။ ခက်တာက အလှူတို့ မင်္ဂလာတို့ဆိုတာကလဲ ကိုယ်လိုက်ထားတာကလဲ ရှိဦးမှ၊ အသွားအပြန်ဆိုတာ ရှိနေကြတယ် မဟုတ်လား။ ကိုသိန်းမြင့်ကြီးကျ ကိုယ်လိုက်ထားတာကလဲ သိပ်မရှိဘူးဆိုတော့ တွက်ရေးနဲ့ ချက်ရေးက မကိုက်တော့ဘူး။ ဖိတ်ထားသမျှ အကုန်မလာကြဘူး။ ချက်ထားတဲ့ဟင်းတွေက ပို၊ ထည့်ဝင်ကြတဲ့အလှူငွေကလဲ မှန်းထားသလောက်မ၀င် ဒီတော့ သူ့ခမျာ ကယ်တော်မူကြပါဗျို့လို့ မအော်ရုံတစ်မည်ပဲ”
ဟိုတစ်လောဆီက ဇနီးသည် စကားစပ်မိရင်း ပြောဖူးသည့် အထက်တန်းပြ ဆရာ ဆရာမစုံတွဲ၏ ရိုးရိုးရှင်းရှင်းနှင့် အတုယူဖွယ်ကောင်းလှသည့် အလှူဒါနမျိုးအား စိတ်ဝင်တစားဖြစ်မိသည်။
“အစ်ကို သိလား။ ဆရာ ဦးမြင့်လွင်တို့ လင်မယားကတော့ ဘယ်အချိန်ကကြိတ်စုထားကြတယ် မပြောတတ်ဘူး။ လင်မယားနှစ်ယောက်ရဲ့ ကျောင်းလခနဲ့ ကလေးလေးယောက်ရဲ့စရိတ်က တကယ့်ကိုမသေးလှဘူး။ သူတို့မှာ အခြားဘာဝင်ငွေမှလဲ ရှိတာမဟုတ်ဘူး။ ဒါတောင် ငါးသောင်းကုန်အလှူပေးနိုင်တယ်အစ်ကိုရဲ့။ ချိုတို့တော့ ကောင်းကောင်းကြီးကို နမူနာယူရမှာ။ အလှူကို ထွေထွေထူးထူး လုပ်မနေတော့ဘဲ စစ်ကိုင်းတောင်ရိုး သစ္စ၀ါဒီချောင်မှာ တတ်နိုင်သလောက်နဲ့ အကျဉ်းချုံးသွားလုပ်လိုက်ကြတာ။ ရပ်ဆွေရပ်မျိုးတွေထဲက သွားနိုင်လာနိုင်တဲ့ သက်ကြီးရွယ်အို ဆယ်ယောက်ကျော်ကို ရွေးပြီး ခေါ်သွားလိုက်သေးတယ်။ တရားဓမ္မကိုရှာဖွေနေကြတဲ့ တတိယအရွယ်တွေကိုမှ ရွေးပြီး ဘုရားဖူးဒါနပြုသွားတဲ့ ဆရာဦးမြင့်လွင်ရဲ့ စိတ်ကူးလေးကကောင်းလိုက်တာနော်။ ချိုတို့မှာ သားနှစ်ယောက်ကို လှူဖို့တန်းဖို့ဘာတစ်ခုမှ မည်မည်ရရ စုမိဆောင်းမိတာ မရှိသေးဘူး။ အစ်ကို ပေါ့မနေနဲ့အုံး”
သြော်...အလှူ၊ အလှူနှင့် အပြောလွယ်သလောက် တကယ်တမ်းကျတော့ ကိုယ့်အတွက်ကျန်ဖို့ ကိုယ့်အတွက်ပါဖို့ လှူဒါန်းတတ်ဖို့ လိုပါသေးလားဟု ကိုသက်ဦးဆင်ခြင်မိလိုက်သည်။

Friday, August 5, 2011

အမေ ဆိုတာ

ဘုရား တရားသံဃာ၌
မိရိုးဖလာထက်
သက်ဝင်ပိုမို ကြည်ညိုတတ်အောင်
ဆရာကြီး ဦးသုခ ( အဘ ) ၏
အဆုံးအမ သြ၀ါဒနှင့်
စာပေ အနုပညာတို့က
စွမ်းဆောင် ကျေးဇူးပြုခဲ့ပါသည်။

ထို့အတူ
မိဘတို့၏ ဂုဏ်ကျေးဇူးအထူးထူးကို
ညွှတ်နူးနှစ်ကာ လေးနက်လာအောင်
ပြဆောင်ပေးခဲ့ပါသည်။

ထို့ကြောင့်
အနန္တောအနန္တ ငါးဝဂုဏ်အင် ကျေးဇူးရှင်တို့အား
ရည်မှန်းထုံးမွှမ်းလျက်
ဤစာတို့အား စုစည်းပါသည်။

မန္တလေးမြို့ မေနေ့ ဖြစ်မြောက်ရေးအဖွဲ့
ပြာသိုလပြည့်နေ့ ၁၃၆၃

မရိုးနိုင်တဲ့ အကြောင်း
လောကမှာ
ကျွန်မတို့ စာရေးသူတွေက
ရေးချင်သပါ့ဆိုရင်
ဘယ်တော့မှ ရေးမကုန်တဲ့
အကြောင်းအရာတစ်ခုတည်းရှိတယ်ဆိုရင်
အဲ့ဒါဟာ..
“အမေ” အကြောင်းနေမှာပါပဲ။
ဘယ်လိုရေးရေး
ရေးလို့ မရိုးနိုင်တဲ့ စာဟာလည်း
“အမေ့အကြောင်း” စာမျိုးပဲ ဖြစ်မှာပါပဲ။

လူထု အဒေါ်အမာ
နယက- မန္တလေးမြို့
အမေနေ့ဖြစ်မြောက်ရေးအဖွဲ့


သစ်ပင် ပန်းပင်တို့ရဲ့ မျိုးဆက်ပြန့်ပွားမူ့က ဗီဇနိယာမ လောကသဘာဝအတိုင်း ဖြစ်တာမှန်တယ်။ သို့ပေမယ့် ဥတုနိယာမကို အားကိုးပြီး ဖြစ်ချင်ဖြစ် သေချင်သေ (စေတနာ ) မပါ ၊ သူတို့ကိစ္စ သူတို့ဖန်တီးတာသာ ဖြစ်တယ်။ လူတွေ တိရစ္ဆန်တွေကျတော့ သစ်ပင်တို့နဲ့ မတူဘူး။ သွေးသားအာလယမှ စခဲ့ကြတာမှန်သော်လည်း ရင်သွေးတည်ရှိပြီဆိုကတည်းက မပျက်အောင်၊ ကြီးပွားအောင် စောင့်ရှောက်ခဲ့ကြတယ်။
( မင်္ဂလသုတ်)
သားသမီးဆိုတာ ဧည့်သည်တွေပဲ မဟုတ်လားကွယ်။ အမွေးအတောင် မစုံခင်သာ မိဘတို့ရဲ့ ရင်ခွင်မှာ ရပ်နားပြီး အမွေးအတောင်စုံတာနဲ့ တစ်ပြိုင်နက် အသိုက်အမြုံထဲက တစ်ကောင်ပြီး တစ်ကောင် ပျံထွက်သွားကြတဲ့ ငှက်ကလေးတွေနဲ့ မခြားနားကြပါဘူး။ မိဘနှစ်ပါးမှာသာ သူတို့တတွေကို တကယ်တမ်း တတတ လွမ်းလက်စမပြေကြသေးတာ။
( တောင်ဝှေးကမှ ကောင်းသေးသည် - ၀တ္ထုတို )

အလုပ်အကိုင်ကလေးရ၍ ပိုက်ဆံကြေးငွေနည်းနည်းလေး ဆူဖြိုးတော့ အမေ့ကို သတိမရ။ ယောက္ခမကိုသာ မျက်နှာလုပ်ခဲ့ရသည်။ သဒ္ဓါကြည်ဖြူ မြတ်နိုးတော်မူခဲ့သည်။ သို့ပေမယ့် မစားရသည့်ကြားက သူ့သား ချောင်ချောင်လည်လည် ဖြစ်သည်ကို မြင်၍ ပီတိ ဖြစ်နေသူက အမေ။
( အမေမစားရသော ထမင်းတစ်နပ်-ဆောင်းပါ)

အေး...မယူချင်လည်း အပယ်နိုင်သားနဲ့ အသည်းနှလုံးသားကြားကကိုချစ်တော့ တယုတယနဲ့ စောင့်ရှောက်လာကြတာကိုပဲ မေတ္တာလို့ခေါ်ရမယ်။ ကိုယ်က သူ့အပေါ်ထားတာက မေတ္တာ၊ သူက ကိုယ့်မေတ္တာကို ခေါ်ရမှာက ကျေးဇူး၊ တစ်ဦးနဲ့တစ်ဦး ဘယ်နေရာမဆို အပေးအယူညီမျှမှ အညမည။
(စကားပြောသော အသည်းနှလုံးဇာက်ကား )

ဆေးဝါးတွေ ဆရာဝန်တွေ မလိုပါဘူးသားရယ်။ သားနဲ့အတူလိုက်နေရရင် သားမျက်နှာမြင်နေရတာနဲ့ အမေ့ ရောဂါ ပျောက်မယ်ဆိုတာ အမေသိပါတယ်။
( ကြုံရခဲဘိခြင်း -၀တ္ထု)

မိဘတွေက ပညာသင်ကြားပေးခဲ့တာက သားသမီးများက ပြန်လည်ကျွေးမွေးဖို့ အဓိကစေတနာမဟုတ်ရှာကြပါဘူး။ သာသမီးများရဲ့ တစ်သက်တာ ရှေ့ရေးကို မျှော်တွေးပြီး အရင်းအနှီး ပေးလိုက်တာပဲ ဖြစ်ပါတယ်။ မိဘကို ပြန်ကျွေးတဲ့ သားသမီးဆိုတာ တစ်ရာမှ တစ်ယောက်လောက်ကို သန်းရှာသလို ရှာကြည့်ရမှာကို အစကတည်းက သိကြပြီးပါ။ မိမိသားကလေး သူ့သားမယားကို ရှာကျွေးတဲ့ အခါမှာ သက်သက်သာသာ မပင်မပန်း ရှာကျွေးနိုင်ပါစေဆိုတဲ့ စေတနာက အဓိက ဖြစ်ပါတယ်။
(မင်္ဂလသုတ်)

ကျွန်တော် လောက၀ဲဂယက်ထဲ ချာချာလည်နေစဉ်အတွင်း အထင်မသေးသူက တကယ်တမ်းစစ်လိုက်တော့ မိခင်တစ်ယောက်သာဖြစ်တယ်။
(ကြုံရခဲဘိခြင်း- ၀တ္ထုတို)

ကိုယ့်သားက ဆိုးသောကြောင့် သူတစ်ထူးကို စော်ကားမော်ကား၊ လက်လွန်ခြေလွန်ပြုခဲ့မှာလည်း စိုးရသည်နှင့်အမျှ၊ ကိုယ့်သားကဆိုသောကြောင့် သူတစ်ပါးက လက်လွန်ခြေလွန်လုပ်သည်ကို ခံလာရမှာလည်း စိုးရသေးသည်။
(သဗ္ဗေ သတ္တာ - ၀တ္ထု)

ထာဝရ ဘုရားသခင်သည် သူကိုယ်တိုင် နေရာအနှံ့အပြားရှိနေနိုင်သည် မဟုတ်ရကား သူ၏ကိုယ်စား မိခင်များကို ဖန်တီးထားလေသည်။
(ဂျူး စကားပုံ)

Thursday, August 4, 2011

မြတ်သော အလှူ ၎

“အလျှူအကြောင်းလေးလဲ ဆွေးနွေကြစို့ ကိုသက်ဦးရ။ ကိုယ့်သားတွေကို တော့ သင်္ကန်းတောင်းရအောင် ရန်ကုန်မှာ ကတည်းက ဆရာတော်ဘုရားဆီမှာအပ်ပြီး ကျက်ခိုင်းထားတယ်။ သာသနာ့ဘောင်ကို သွတ်သွင်းခံရမဲ့ သာမဏေလောင်းလျာကိုယ်တိုင်က သင်္ကန်းတောင်းလေးကိုတော့ အလွတ်ရထားသင့်တယ်လို့ ကိုယ်ထင်တယ်။ အခုဖြစ်နေတာတွေက လွယ်လွယ်ဘုန်းကြီးချင်ပေးတာကို နောက်လိုက်ဆိုပြီး တောင်းတာမျိုးက သိပ်သဘာဝ မကျချင်ဘူး။ ကိုယ်ကိုယ်တိုင်က ဒုလ္လဘရန်းခံဦးမယ်ဆိုတော့ အစစအရာရာ အကုန်နောက်လှည့်ကြည့်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ဗွီဒီယိုအတွက် ကိုသက်ဦး တာဝန်ယူပေးပါ။ ရိုက်သင့်ရိုက်ထိုက်တဲ့ အခန်းစဉ်လေးတွေ ကိုသက်ဦး နားလည်ပြီးသားပါ။”

အလှူနေ့မတိုင်မှီ အလျင်ရက်တွေကတည်းက ဗွီဒီယိုကို စရိုက်ဖြစ်သည်။ ဇာတ်လမ်းအဖွင့်ကို ကိုယ်မြို့နယ်၏ တန်ခိုးကြီးဘုရား ဖြစ်သည့် သေလာပဗ္ဗတ သံခမောက်တောင်နှင့် ဖွင့်လိုက်သည်။ မြို့ကို ၀ိုင်းရံထားသည့် တောင်တန်းပြာပြာများ မြို့ပေါ်ရှိတန်ခိုးကြီးဘုရားများ၊ ဆင်းတုတော်များ နှင့် ဘုန်းတော်ကြီးကျောင်းများ၊ ပညာသင်ကြားခဲ့ရသည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများ။

ပရိသက်များ နားနေရန် ဘိသိတ်ဖြင့် ဧည့်ခံရန်ဆောက်လုပ်ထပ်ဆင်ထားသည့် ပန်းချီ မဏ္ဍပ်ကြီးက မြန်မာတို့၏ ရိုးရာ အနုပညာတစ်ပိုင်းတစ်စကို ရင်သပ်ရူ့မော ဖြစ်သွားနိုင်လောက်အောင် ခံ့ညားထည်ဝါလှပါတော့သည်။

အလှူနေ့တွင်ကိုင်ရန် မုလေးပွား လုပ်ပုံအဆင့်ဆင့် အလှူရှင် အိမ်သို့ မောင်ရှင်လောင်းများစီးရန် ထမ်းစင်ကို ကာလသားများစုပေါင်းသယ်နေကြပုံ၊ မဏ္ဍပ်များတွင် စိုက်ထူထားရန်ကြံပင်၊ ငှက်ပျောပင်များ ခုတ်ယူနေကြပုံ အလှူနှင့် ဆက်နွှယ်နေသမျှ မလစ်ဟင်းစေရန် မှတ်တမ်းတင်လိုက်ကြသည်။

အလှူနေ့သို့ရောက်လာခဲ့ပြီ။ အဆက်မပြတ် တီးနေသည့် ဗြောစည်သံကို ကြားလိုက်ရသည့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း မကြည်နူးဘဲ မနေနိုင်အောင် ရှိလှပါတော့သည်။

ဂုဏ်သရေရှိ လူကြီးလူကောင်းများ၏ မုလေးပွားကိုင် လူတန်းကြီးက တစ်မျှော်တစ်ခေါ်၊ ရှင်သာမဏေများ အတွက် ရှင်ဆောင်ပစ္စည်းများ၊ သမီးငယ်လေးများ၏ ပရိတ်အိုး၊ ကွမ်းတောင်ပန်းတောင်ကိုင် အမျိုးသမီး များ၏ ယဉ်ကျေးသိမ်မွေ့သောအလှ၊ အလှူ့ဒါယကာ၊ အလှူ့ဒါယကာမတို့၏ မျက်နှာတွင် ပီတိပြုံး၊ အပြုံးများဖြင့် လွှမ်းခြုံနေတော့သည်။ ထောင်ကျော်တန် ပိုးယော၊ မောင့်ကျက်သရေခေါင်းပေါင်း၊ အရောင်အသွေးစုံလှသည့် လွန်းနှစ်ရာချိတ်၊ စုချထားသည့် ပ၀ါစများ၊ နန်းဆန်လှသည့် ဆံထုံးအလှ မြန်မာတို့၏ တွင်းထွက် ကျောက်မျက်ရတနာ မျိုးစုံတို့ဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများ ဤမြင်ကွင်းများကို အကဲခက်လိုက်ရုံဖြင့် မြန်မာလူမျိုးတို့၏ အဆင့်အတန်း ၊ကိုယ်ပိုင် ယဉ်ကျေးမူ့တို့ကို မှန်းဆ၍ရနိုင်ပါသည်။ မြန်မာတို့၏ ရိုးရာဝတ်စုံကား မြန်မာ့မျက်စိဖြင့်ကြည့်၍မ၀နိုင်အောင်ရှိနေတတ်ပြီး နိုင်ငံခြားသားများအတွက်မူ အမြင်ဆန်းပြီး ကျေနပ်နှစ်သက်ဖွယ် ရှိနေမည်မှာ အမှန်ပင်ဖြစ်သည်။

ပင့်သံဃာများအတွက် သင်္ကန်းပရိက္ခရာဝတ္ထုများ သီးထားသည့်ပဒေသာပင်၊ လှည်းယဉ်ကြော့ပေါ်မှ စည်းပုံဆောင်း သမီးငယ်တို့၏အလှ ရိုးရာဦးရွှေရိုးအက၊ ခမ်းနာ၍ အတွေ့ရနည်းသည့် ရှေ့ဝင်း၊ နောက်ဝင်း၊ မြို့ရွာဒေသအလိုက်၊ အလှူပွဲအခမ်းအနားတွေက တစ်ရွာတစ်ပုဒ်ဆန်းဆိုသကဲ့သို့ မတူကွဲပြားပြီး စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။

ဘိသိက်ဆရာ ဇေယျာဗိုလ်၏ မိဘဆရာ ကန်တော့ခန်းက မြိုင်ဆိုင်လှသည်။ ထမင်းရည်ချောင်းစီး ကျွေးမွေးလှူဒါန်းကြသည့် မြန်မာတို့၏ ရက်ရက်ရောရော အလှူဒါနက ပြိုင်စံရှားသည့်ဟုပင် ဆိုရပေမည်။

ဒေါက်တာသန့်ဇင်တို့ အလှူကား အလှူငွေ လုံးဝလက်မခံပေ။ ဓမ္မာရုံဘုရားရှေ့တွင်ချထားသည့် ငွေဖလားသုံးလုံးတွင် ဘုန်းကြီးလှူရန်အတွက် လာသမျှ ပရိတ်သက်တို့ ထည့်ဝင်လှူဒါန်းငွေက အပြည့်အလျှံ။

ကြည်နူးဖွယ်အကောင်းဆုံးမြင်ကွင်းကား ဆံချခန်း၊ သင်္ကန်းတောင်းခန်းနှင့် သင်္ကန်းစည်းခန်းတို့ ဖြစ်ပါတော့သည်။

ရှင်ပြုမင်္ဂလာ၏ ဇာတ်သိမ်းခန်းအာ ကိုရင်လေးများ၏ တစ်အိမ်ဝင် တစ်အိမ်ထွက် ဆွမ်းခံပုံ၊ အသံနေအသံထားနှင့် ဘုရားဝတ်တတ်နေပုံဖြင့် ဇာတ်သိမ်းထားပါသည်။ ကိုရင်ဝတ်နေသည့်သီတင်းတစ်ပက်အတွင်း ဗုဒ္ဓဘာသာဝင်ကလေးလူငယ်လေးများ၏ နှလုံးသည်းပွတ်တွင် ဗုဒ္ဓဘုရားရှင်၏အဆုံးအမတရားတော်များ တတ်နိုင်သမျှ စွဲစွဲမြဲမြဲ ကိန်းဝပ်တည်ရှိစေရန်ဆိုသည့် ရည်ရွယ်ချက်လေးကို အပေါ်လွင်ဆုံးဖြစ်အောင် ရိုက်ကူးထားလိုက်နိုင်သည်။

ဗုဒ္ဓသာသနာတော် အရှည်တည်တံ့ခိုင်မြဲရေးအတွက်၊ မြန်မာတို့၏ ရိုးရာယဉ်ကျေးမူ့ အမွေအနှစ်တစ်ခုဖြစ်သည့် ရှင်ပြုနာသ အလှူတော်မင်္ဂလာသည် အရေးကြီးလှသည့် အခန်းကဏ္ဍတစ်ခုတွင် ပါဝင်နေကြောင်းထင်ရှားပါတော့သည်။

ဒေါက်တာသန့်ဇင်၏ ရှင်ပြုနားသ အလှူတော်မင်္ဂလာ ဗွီဒီယိုခွေအား အစမှ အဆုံးထိ သူ့နေရာနှင့်သူ သင့်လျော်သော ငြိမ့်ညောင်းသာယာလှသည့် မြန်မာသံစဉ်တီးလုံးများကို နောက်ခံ အဖြစ် ထည့်သွင်းထားသည်။ အဆိုတော် မာမာအေး၏ ရောင်တော်ဘွဲ့၊ တင်တင်မြ၏ မဟာဗုဒ္ဓ၀င်၊ အလှူတော်မင်္ဂလာ၊ ရီရီသန့်၏ ရွှေပြည်ကြီး တေးသီချင်းများအား သက်ဆိုင်ရာ ပြကွက်များနှင့်ကိုက်ညီအောင် ထည့်သွင်းထားသဖြင့် ပို၍ကြည်နူးနှစ်သက်ဖွယ် ကောင်းနေပါတော့သည်။

ဤဗွီဒီယိုခွေကို ကြည့်လိုက်ရသည့် အဝေးရောက်မြန်မာများကိုယ့်မိခင်တိုင်ပြည်နှင့် ကိုယ့်လူမျိုးတို့ကို ချစ်တတ်လာပြီး တိုင်းပြည်နှင့် လူမျိုးတို့၏ ကောင်းကျိုးကို တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ချင်သည့်စိတ် ကိန်းအောင်းလာပါစေ။

ဤမြန်မာအလှူတော်မင်္ဂလာခွေကို ကြည့်ရသည့် နိုင်ငံရပ်ခြား တိုင်းတစ်ပါးသားတို့သည် မြန်မာယဉ်ကျေးမူ၏ အတိမ်အနက်ကို တစ်ထိုင်တည်းလေ့လာနိုင်ပြီး မြန်မာလူမျိုးဆိုသည်မှာ ကိုယ့်ဘာသာ ကိုယ့်သာနာ ကိုယ့်ယဉ်ကျေးမူ့ ဖြင့် တစ်သီးတစ်ခြားဖြင့် အစဉ်အလာကြီးမားခဲ့သည့် လူမျိုးတစ်မျိုးဖြစ်ကြောင်း သိခွင့်ရနိုင်ပါစေဟု ကိုသက်ဦး တစ်ယောက်ဆုတောင်းလိုက်ပါတော့သည်။

Wednesday, August 3, 2011

မြတ်သောအလှူ ၃

စားပွဲရှည်ကြီးပေါ်တွင် တန်းစီချထားသည့် သင်္ကန်းပရိက္ခရာများ၊ ငွေဖလားကြီးထဲတွင် ထိုးစိုးက်ထားသည့် ငွေပန်းခိုင်များ၊ လျူဖွယ်ပစ္စည်း အစုစုကို ကြည်နူးသည့် အကြည့်ဖြင့် ကြည့်နေရင်းက
“ဟုတ်တယ် ကိုသက်ဦး၊ ကိုသက်ဦးပြောလာလို့ စကာစပ်မိတုန်း နည်းနည်းလောက်ပြောချင်သေးတယ်၊ ဘာလဲဆိုတော့ နိုင်ငံပေါင်းစုံ မှာ ရောက်နေတဲ့ မြန်မာ လူမျိုးအချို့ကအကြောင်းပဲ။ နိုင်ငံတော်က သင်ကြားပေးလိုက်လို့ အသိပညာရှင်၊ အတတ်ပညာရှင်တွေ ဖြစ်လာကြပြီဆိုရင် ကိုယ်တတ်ထားတဲ့ပညာတွေဟာ ဒီလိုဖွံဖြိုးဆဲ နိုင်ငံတွေနဲ့ မထိုက်တန်ဘူးလို့ ယူဆထားပုံရကြပါတယ်။ ဒီလိုနိုင်ငံမျိုးမှာ နေရင် ကိုယ့်ဘ၀ဟာ ဘယ်လိုမှ မတိုးတတ်နိုင်ဘူး၊ မကြီးပွားနိုင်ဘူးလို့ ထင်နေကြတာ။ တိုင်းကြီးပြည်ကြီးတွေမှာသွားပြီး၊ အခြေချလိုက်ပါမှ ကိုယ့်ဘ၀ဟာလဲ ပိုပြီး အရောင်တောက်လာမယ်၊ သာစဉ်မြေးဆက် အတွက်လဲ စိတ်အေးရမယ်လို့ ယုံကြည်နေကြပုံရပါတယ်။ ဒီလိုနဲ့ ပညာသင်စရိတ် လျော်ကြေးလေးတွေ ပေးပြီး ကိုယ့်မိခင် တိုင်းပြည်ကို ခြေနဲ့ စုံကန်ပြီး ထွက်သွားကြတာ ဘယ်နည်းတော့လို့လဲ ကိုသက်ဦးရဲ့။ ၀မ်းနည်းစရာလည်းကောင်းပါတယ်။

မျက်စိအထူးကု ဆရာဝန်ကြီးလည်း ဖြစ်နေပြီဆိုတော့ ရာထူးမာန၊ ပညာမာနတို့ကို အနည်းနှင့်အများငယ်ပေါင်းသူငယ်ချင်းထံ၌ တွေ့ရလိမ့်မည်ဟု ကိုသက်ဦး မျှော်လင့်ပြီးဖြစ်သည်။ သို့သော်အထင်နှင့်အမြင် လွဲနေရသည်။ ငယ်စဉ်အလယ်တန်းဆင့် ၊ အထက်တန်းဆင့် က ရင်းရင်းနှီးနှီးပေါင်းသင်းလာသည့် ကိုသန့်ဇင်နှင့်မည်သို့မျှ မထူးခြား။ နိုင်ငံခြားတိုင်းပြည်များ၌ အခြားရနံ့များ မရောယှက်ဘဲ မြန်မာ့ရနံ့ သန့်သန့်လေး ထုံသင်းနေသည်ကို တွေ့လိုက်ရသည်။

“အဝေးရောက် မြန်မာတွေရဲ့ ငါးပိအလွမ်း၊ မုန့်ဟင်းခါးအလွမ်း၊ ရွှေတိဂုံအလွမ်းတွေကို စာတွေထဲမှာတော့ ဖက်ဖူးပါတယ် ကိုသန့်ဇင်၊ တိုင်းကြီးပြည်ကြီးမှာနေ၊ တိုင်းကြီးပြည်ကြီးရေသောက်ပြီး ကြီးပွားတိုးတတ်နေကြပေမဲ့ မြန်မာ့ အစားအစာ၊ မြန်မာ့ဓလေ့စရိုက်၊ မြန်မာ့ယဉ်ကျေးမူ့ကိုတော့ အမြဲတမ်းတအောက်မေ့နေပါတယ်လို့ပြောနေကြတာဟာ သက်သက်မင်္ဂလာယူပြီးပြောနေကြတာများလားလို့တောင် တစ်ခါတစ်ခါ ထင်လိုက်မိသေးတယ်။ အခြားနိုင်ငံသားအဖြစ်ခံယူ၊ အခြားနိုင်ငံရဲ့ဘာသာကို အပြီးအပိုင်ကူးပြောင်း၊ အခြားနိုင်ငံရဲ့အကျိုးကို ထမ်းရွက်နေမှတော့ ကိုယ့်ရဲ့မိခင်တိုင်းပြည်ကို အလွမ်းတွေဘာတွေ သယ်မနေပါနဲ့တော့လို့တောင် ပြောလိုက်ချင်ပြီ ကိုသန့်ဇင်ရေ။ လူမျိုးကိုချစ်တဲ့ စိတ်လေးရှိရင် ဒီလိုဘယ်လုပ်ကြမလဲ၊ အခုဟာကိုယ့်ကိုယ်ကို ပိုချစ်ပြီး ကိုယ်ကောင်စားရေးအတွက်ပဲ စဉ်းစားနေကြတာဆိုတော့…”

လက်ဖက်အုပ်ထဲမှ လက်ဖက်သုပ်ကို မြိန်ရည်ယှက်ရည်စားလိုက်၊ ရေနွေးကြမ်းသောက်လိုက်ဖြင့် ခေါင်းတညိတ်ညိတ် လုပ်ရင်းက….

“ဒီတစ်ခေါက် မြန်မာပြည်ကို ပြန်ရောက်တော့ ကိုယ်သဘောကျတဲ့ အမျိုးသားဆောင်ပုဒ်တစ်ခုကို သွားတွေ့လိုက်တယ်ကိုသက်ဦးရဲ့၊ ဘာလဲဆိုတော့ အမိမြန်မာနိုင်ငံကို ချစ်မြတ်နိုးပါ။ ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်။ စည်းကမ်းရှိမှ တိုးတတ်မည်တဲ့ အခုကိုယ်တို့ပြောနေတဲ့အကြောင်းအရာတွေဟာ အဲဒီဆောင်ပုဒ်နဲ့ တိုက်ရိုက်အကျုံးဝင်နေတာတွေ့ရတယ်။ ဘာပညာမှ မတတ်တဲ့ ဆန်ကုန်မြေလေး ဖိုးသမားတစ်ယောက်၊ ဒါမှမဟုတ် တောခေါင်ခေါင်မှာနေတဲ့ မြန်မာလူမျိုးတစ်ယောက်က နိုင်ငံခြားထွက်မယ်လိုက ကိုသက်ဦးပြောသံကြားဖူးသလား။ ပညာတတ်တွေပဲ ထွက်သွားတာကိုတွေ့နေရတယ်မဟုတ်လား။ နိုင်ငံခြားတိုင်းပြည် အနှံ့မှာရောက်နေတဲ့ ပညာတတ်မြန်မာလူမျိုးတွေရဲ့ အင်းအားဟာ မနည်းတော့ဘူး ကိုသက်ဦးရဲ့။ အဲဒီအင်အားတွေဟာ အမိမြန်မာပြည်ရဲ့ အင်အားတွေ ဖြစ်လာနိုင်ပါအုံးမလား၊ မဖြစ်လာနိုင်တော့ဘူး။ ကိုယ့်ကို အမေရိကန်မှာ ရှိတဲ့ မိတ်ဆွေတွေက သူတို့လို လာပြီး အခြေချဖို့ အကြိမ်ကြိမ်ခေါ်ကြတယ်။ ကိုယ်ကတော့ ခပ်ပြုံပြုံးလေးပဲခေါင်းခါပြလိုက်တယ်။ ကိုယ်တတ်ထားတဲ့ပညာရပ်တွေနဲ့ မြန်မာလူမျိုးတွေရဲ့ မျက်စိအမြင်ကို ပိုပြီး ကျယ်လာအောင် တတ်နိုင်သလောက် စွမ်းဆောင်ရဦးမယ်လို့ စိတ်ထဲကနေပြီးပြောလိုက်တယ်ကွာ”

“ဂုဏ်ယူပါတယ် ကိုသန့်ဇင်ရာ….ကိုသန့်ဇင်တို့လို ပညာတတ်တွေ က ရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပေးမှ အဘက် ဘက်က တိုးတတ်ဖို့ အရှိန်ယူနေတဲ့ တိုင်းပြည်အတွက်လဲ တစ်အားပါပဲ။”

မီးဖိုဆောင် နောက်ဘက်ဆီမှ ဆနွမ်းမကင်း ကျောက်ကျောထိုးနေသည့် အဖွဲ့သားတွေ အုန်းအုန်းကျွတ်ကျွတ် အသံတွေကြားနေရသည်။ အခန်းထောင့်တစ်နေရာတွင် စီထပ်ထားသည့် အလျူပွဲလာ ပရိသက်များကမ်းရန် ယွန်းဗျပ်များက အထပ်လိုက်။

Sunday, July 31, 2011

ဘုတ် ကေ ဆီ ဆမ်း

ဘုတ်ကေဆီဆမ်း

ကလေးများသည် ကစားနည်း တစ်မျိုးပြီး တစ်မျိုး ပြောင်းလဲပြီး ကစားကြရာ မကြာမီ ဆာလောင်ကြသည်။ ကလေးအများစုမှာ စားစရာ မပါပေ။ ပါသောကလေးများမှာလည်း သာမန်စာစရာထက် ရှာရှာဖွေဖွေလုပ်ပြီး စားရသော အရာကိုမှ မက်မောကြလေသည်။

သို့အတွက် လူကြီးတစ်ယောက်ယောက်က ဦးဆောင်ပြီး ဘုတ်ကေဆီဆမ်း ကစားကြမယ်ဟေ့ ၊ “မန်ကျည်းရွက်ခူးခြေကြ” ဟု ပြောသည်။ ကလေးအများ ပျော်ရွှင်စွာဖြင့် မန်ကျည်းရွက်ခူးကြသည်။ သူတို့အရပ်နှင့် မီသော မန်ကျည်းပင်ငယ်များမှာ သူတို့လက်ချက်ကြောင့် ငုံးငုံးတိုနေပြီ။

ငုံးငုံးမတိုစေဦးတော့ အရွက်နည်းနေပြီ။ သို့သော် အချို့ကလေးများသည် မယောင်မလယ် ကပ်သွားကာ လူကြီးအလစ်၌ ခူးဆွတ်လာကြသည်။ ကလေးအများစုကား မန်းကျည်းပင်ကြီးမှ ညွတ်ကျနေသော ကိုင်းများကို ဆွဲနှိမ်ကာ ခူးကြ၏။ အကြမ်းလည်းပါ၏ ၊ အနုလည်း ပါ၏ ၊ ပြောင်ပြောင်စင်စင်လည်း ပါ၏ ၊ ဖုန်သောသောနှင့်လည်းပါလာ၏

ကလေးကြီးကား ပြောင်းဖူးရွက်ဖြစ်စေ ငှက်ပျောရွက်ဖြစ်စေ အသင့်ရှာထားပြီး ရောက်လာသမျှ မန်းကျည်းရွက်ကို လက်ခံထည့်သို၏။ လူစုံသောအခါ မန်းကျည်းရွက်များကို ထုပ်သည်။ ရရာ ဘက်ပေါင်းစုံဖြင့် အထပ်ထပ်ထုပ်ရုံသာမက ခိုင်ခံ့စေရန် ကြိုးဖြင့် ချည်နှောင်သေး၏။

“ဘုတ်တွင်း ရှာကြဟေ့ ဘုတ်တွင်း“

ဤနေရာတွင် “ဘုတ်” အကြောင်းကို ရှင်းလင်းရန်လိုပါလိမ့်မည်။ မြန်မာစကားပုံတွင် “ဘုတ်” နှစ်မျိုး ရှိပါသည်။

“ဘုတ်ကို ကျီးရိုသေ ၊ ကျီးကို ဘုတ်ရိုသေ”

“ဘုတ်ကဲ့သို့ နောက်ဆုတ်သည်”

ပထမ ဘုတ်မှာ နေ၀င်ရိုးရီ ဘုတ်ကအီ စသည်ဖြင့်တေးများကဗျာများတွင် ပါဝင်သော ဘုတ်ငှက်ဖြစ်၏။ အရွယ်အစားမှာ တောကျီးကန်းအရွယ် ဖြစ်၍ သင်္ကန်းရောင်ရှိသည်။

သို့အတွက် မြတ်စွာဘုရား၏ သင်္ကန်းတော်အရောင် ရှိပါပေသည် ဆိုကာ ကျီးကန်းက ဘုတ်ကို အရိုအသေပြု၏၊ ဘုတ်ကလည်း မြတ်စွာဘုရား၏ သပိတ်တော် အရောင်ရှိသော ငှက် ဆိုကာ ကျီးကန်းကို အရိုအသေပေး၏၊၊ ဤသည်ကို အစွဲပြု၍ “ဘုတ်ကို ကျီးရိုသေ ၊ ကျီးကို ဘုတ်ရိုသေ” စကားပုံ ဖြစ်ပေါ်လာခဲ့သည်ဟူပေ၏။

ဒုတိယ ဘုတ်အမျိုးအစားမှာ ဖုန်ထဲတွင်နေသော မွှားသတ္တ၀ါတစ်မျိုးဖြစ်ကာ၊ အရွယ်ရော အရောင်ပါ ကြမ်းပိုး နှင့် တူလှပေသည်။ မီးတောင်ထိပ်ဝသဏ္ဍန်ရှိသော ဖုန်တွင်းများထဲ၌ နေသည်။ တွင်းအရွယ်အစားမှာ ဆယ်ပြားစေ့ အ၀ိုင်းမှ ကျပ်ပြားဝိုင်းအရွယ်အထိ၊ တွင်းပိုင်၏ အရွယ်နှင့်လိုက်လျောသော အကြီးအသေးရှိပေသည်။ သို့အစေ မိုးများသော အရပ်၌ မွှားဘုတ်ကို တွေ့ရန်မလွယ်ကူပါ။

ကလေးများသည် “စပါးကျီးအောက်၊ ပုတ်စင်အောက်” အစရှိသော နိမ့်သည့် နေရာများသို့ လေးဘက်ထောက်ကာ ၀င်ကြသည်။ဘုတ်တွင်းတွေ့လျှင် ဘုတ်တွင်းထဲမှ ဖုန်မှုန့်များ ကုန်စင်သွားစေရန် ပါးစပ်ဖြင့်ဖြည်းညင်းစွာ မှုတ်ထုတ်၏။ သို့သော် ဘုတ်က အဖမ်းမခံပါ။ ကျန်သေးသော ဖုန်ထဲသို့ နောက်ဆုတ်ပြီး တိုးဝင်ပျောက်ကွယ်သွားလေ၏။

ဘုတ်သည် အမြဲတစေ နောက်ဆုတ်လျက် သွားလာလှုပ်ရှားသဖြင့် “ဘုတ်ကဲ့သို့ နောက်ဆုတ်သည်” ဟူသော စကားပုံပေါ်လာရခြင်း ဖြစ်ပေ၏။

ဘုတ်တွင်းထဲမှ ဘုတ်သည် နောက်ဆုတ်ပုန်းခိုစရာ မြေမှုန့် ရှိနေသရွေ့ ဆုတ်သွားသည်။ တိုးဝင် ခိုအောင်းစရာ မရှိတော့မှ အမိခံသည်။ ဘုတ်ရှာသော ကလေးသည် ဘုတ်ကို ယုယစွာ ဖမ်းလာခဲ့ပြီး မန်းကျည်းရွက်ထုပ် ကိုင်ထားသော ကလေးကြီး၏ လက်ထဲသို့ ပေးအပ်သည်။

စားစရာကို ဆီဖမ်းပေးမည့် ဘုတ်ကို ရရှိပြီး။ ထိုဘုတ်အတွက် တွင်းတစ်တွင်းတူးပြီး ဘုတ်ကို ထည့်လိုက်သည်။ ထို့နောက် မန်ကျည်းရွက်ထုပ်ကို ထည့်သွင်းကာ မြေဖို့သည်။ မြေဖို့ရင်းကလည်း “ဘုတ်ကေဆီဆမ်း” ဟု အော်သည်။

“ဘုတ်ကေဆီဆမ်း”

“ဘုတ်မကြီးက အိမ်မှာနေ”

“ဘုတ်ကလေးက ဆီဝယ်သွား”

မြေပုံကို လက်ဖြင့် ပုတ်ရုံဖြင့် အားမရသူက ဖနောင့်ဖြင့် ပေါက်သည်။ “ဘုတ်မကြီးရေ ဆီရွှဲရွှဲဆမ်းပေးပါနော်” အော်ပြန်သည်။

ထို့ကဲ့သို့ လက်ဖြင့် ပုတ်သူကပုတ်၊ ဖနောင့်ဖြင့် ပေါက်သူက ပေါက်သောအခါ မန်းကျည်းရွက်များ ကျိုးကျေကုန်သည်။ ကျိုးရာကျေရာမှ အရေထွက်လာသည်။ မြေငွေ့ကြောင့်လည်း နွမ်းပြီး အရည်ထွက်ပြန်သည်။ တအောင့်သာသာ ကြာသည့်အထိ စောင့်ဆိုင်းပြီးနောက် မြေကြီးထဲမှ မန်းကျည်းရွက်ထုပ်ကို ဖော်ကာ ဖြေကြည့်ကြသည်။ နွမ်းကျေနေသော မန်ကျည်းရွက်များမှ အရည်များများထွက်နေလျှင် “ဆီတွေ အများကြီးပဲ ဟ” ဆိုကာ တစ်ယောက်တစ်လက် နိုက်ယူပြီး စားကြသည်။

စောင့်ဆိုင်းချိန် တိုတောင်းသောကြောင့်ဖြစ်စေ၊ အကျိုးအကျေ နည်းသောကြောင့်ဖြစ်စေ အရည်ထွက်နည်းပါးလျှင် “ဘုတ်မကြီးက ဆီနည်းနည်းလေးပဲ ဆမ်းပေတယ်၊ သိပ်ကပ်စေးနှဲ တာပဲပြောကြသည်။ မည်သို့ပင် ပြောစေကာမူ ထိုမန်းကျည်းရွက်ကို မစားဘဲ နေသော ကလေးကာ မရှိချေ။သို့သော် ကလေးသူငယ်များအတွက် သရေစာအမျိုးမျိုး ပေါ်ပေါက်လာ၍ တစ်ကြောင်း၊ ကျန်းမာရေး အသိ ရှိစပြုလာကြပြီးဖြစ်၍ တစ်ကြောင်းကြောင့် ဘုတ်ကေဆီဆမ်း ပျော်ရွှင်ကစားနည်းမှာ ကွယ်ပျောက်ခဲ့ချေပြီ။


ဆင်ဖြူကျွန်း အောင်သိန်း

Friday, July 15, 2011

မြတ်သော အလျှူ ၂

ဗွီဒီယို ၊ ဗွီဒီယို

ဗွီဒီယို ဆိုမှ ပြီးခဲ့သည့် နှစ်က လုပ်သွားသည့် ကိုသက်ဦး၏ သူငယ်ချင်း ဒေါက်တာသန့်ဇင်၏ ရှင်ပြုနားသ အလျှူတော်မင်္ဂလာမှာ ရိုက်ထားသည့် ဗွီဒီယိုကို အမှတ်ရလိုက်သည်။ မြန်မာတို၏ ရိုးရာယဉ်ကျေးမူအမွေအနှစ်၊ မြန်မာလူမျိုးတို့၏ အထွက်အမြတ်ထားသည့် ရှင်ပြုနားသ အလျှူတော်မင်္ဂလာကို အမေရိကန်တွင် အခြေချနေပြီးဖြစ်သည့် မြန်မာမိတ်ဆွေများ နိုင်ငံပေါင်းဆုံမှ ဒေါက်တာသန့်ဇင်၏ သင်တန်းတတ်ဖက် သူငယ်ချင်းများက အလွမ်ပြေကြည့်ချင်သည်။ မမြင်ဖူး၍ ကြည့်ချင်သည်။ အမျိုးသားယဉ်ကျေးမူ တစ်ခုအနေနှင့်လေ့လာချင်သည်ဟု အတန်တန်မှာလိုက်သည့်အတွက် အလျှူပွဲတစ်ခုလုံးအစမှ အဆုံးရိုက်ကူထားသည့်ဗွီဒီယို။

မြန်မာလူမျိုးသည် ကိုယ့်ဘာသာ၊ ကိုယ့်သာသနာ ၊ကိုယ့်ယဉ်ကျေးမူ့နှင့် အခိုင်အမာရှိနေသည့် လူမျိုးတစ်မျိုး ဖြစ်ကြောင်းကို တစေ့တစောင်းလှစ်ပြထားသည့် ဗွီဒီယိုခွေမို့ ကိုသက်ဦး ဂုဏ်ယူမဆုံးနိုင်အောင် ရှိနေရတော့သည်။

ဒေါက်တာသန့်ဇင် မျက်စိအထူးကု ဆရာဝန်ကြီး ၊ ကိုယ့်မြို့နယ်မှ ထူးထူးချွန်ချွန် ပေါက်ပေါက်မြောက်မြောက် ဖြစ်လာရသည်မို့ သူငယ်ချင်းအတွက် ဂုဏ်ယူ၍ မဆုံး ၊ မြို့နယ်အတွက်လည်း ဂုဏ်ယူ၍မဆုံး ဖြစ်နေရသည်။ မိသားစုနှင့်အတူ ရန်ကုန်မြို့တွင် တာဝန်ထမ်းဆောင်ရင်း အခြေချနေထိုင် လျက်ရှိကြသည်။ ယခုလောလောဆယ်တွင်မူ အမေရိကန်နိုင်ငံတွင် လုပ်ငန်းဆိုင်ရာ ပညာတော်သင်အဖြစ် ရောက်ရှိနေသည်။
နွေကျောင်းပိတ်လျှင် ဒေါက်တာသန့်ဇင်တို့ မိသားစု မြို့ပြန်ပြီး အလျှူလုပ်မည်ဆိုသည့် သတင်းကြားရစဉ်က ကိုသက်ဦးနှင့်တကွ ခင်မင်သည့် အပေါင်းအသင်းများက စိတ်ဝင်တစာ မျှော်နေကြသည်။ အထူးသဖြင့် သင်တန်းကာလ မပြီးဆုံးသေးဘဲ မိမိသားသမီး၏ ရှင်ပြုနားသ အလျှူတော်မင်္ဂလာအတွက် ခေတ္တ ပြန်လာရသည့် ဒေါက်တာသန့်ဇင်၏ပွဲမို့ အနည်းငယ်တော့ ထူးခြား၍နေပါသည်။

“ သူငယ်ချင်း...ကိုယ့်အလျှူအတွက် စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်လေးဖြစ်အောင် ဒီမှာ ရှိတဲ့ မိဘဆွေမျိုးတွေကတော့ ကိုယ်ဖြစ်ချင်တာ လေးတွေကို တိုင်ပင် ညှိုနှိုင်း ထားတဲ့အတိုင်း အတတ်နိုင်ဆုံး စီစဉ်ပေးထားကြပြီ။ အဲ့ဒီတော့ သူငယ်ချင်းကလည်း တတ်နိုင်သလောက် ၀ိုင်းအုံး။ တစ်ပြည်တစ်ရွာကို ရောက်နေမှ ကိုယ့််တိုင်းပြည်၊ ကိုယ့်လူမျိုးနဲ့ ကိုယ်ယဉ်ကျေးမူ့ကို ပိုပြီး တမ်းတမ်းတတနဲ့ မြတ်နိုးတွယ်တာနေရတယ်။ ဒါကြောင့် ကိုယ့်သားတွေရဲ့ အလျှူကို ကိုယ်မဖြစ်တဲ့ နည်းနဲ့ ပြန်လာတာ။ အမေရိကန်မှာရောက်နေတဲ့ မိတ်ဆွေတွေကလည်း ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေရဲ့ အထွက်အမြတ်ဖြစ်တဲ့ ရှင်ပြုနားသ အလျှူတော်မင်္ဂလာရဲ့ မြင်ကွင်းကို မထိမတွေ့ရတာကြာပြီ။ ဗွီဒီယို ရိုက်ဖြစ်အောင် ရိုက်ခဲ့ဖို့ အတန်တန်မှာလိုက်ကြတယ်။”

သားတွေ ၀တ်ရမည့် ရှင်ဝတ်ရှင်စားများကို ထုတ်ကြည့်စစ်ဆေးရင်း ရန်ကုန်မှ ပါလာသည့် မုန့်ပဲသရေစာများကို ထုတ်ကျွေးရင်း မဆုံမိတာ ကြာပြီဖြစ်သည့် သူငယ်ချင်း နှစ်ယောက်စကားလက်ဆုံ ကျနေကြသည်။

“ သိပ်ကောင်းတဲ့ အစီအစဉ်ပဲ ကိုသန့်ဇင်ရေ။ ကိုယ့်ရဲ့အလျှူမင်္ဂလာကိုလည်း မှတ်တမ်းတင်ပြီးသားဖြစ်၊ နိုင်ငံခြားသားတွေအတွက်လည်း မြန်မာ့ယဉ်ကျေးမူ့ရဲ့ အတိမ်အနက်ကို မှန်းဆလို့ရတာပေါ့။ နောက်ပြီး တိုင်းတစ်ပါးမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေ အတွက် မြန်မာမူ့တွေ ထုံသင်းနေတဲ့ မြန်မာ့ရနံ့ကို ပြန်ပြီးခံစားနိုင်မှာ ဆိုတော့ အဆင်ပြေတာပေါ့။”

မြတ်သော အလျှူ ၁

“အစ်ကို”
“ဆို”
ကျောင်းက ပြန်လာသည့် ဇနီးသည် ဆင့်ချို၏ မှိုရသည့် မျက်နှာပေးကြောင့် တစ်ခုခုတော့ တစ်ခုခုပဲဟု ကိုသက်ဦးထင်လိုက်သည်။ ယိုးဒယားခြင်းစိမ်းထဲမှ ထုတ်လိုက်သည့် ထူးထူးခြားခြား ကြီးမားသော အလျူမင်္ဂလာဖိတ်စာကို မြင်လိုက်ကတည်းက သေချာပြီဟု ကိုသက်ဦးတွက်လိုက်မိပြီ။

“ဒီမှာ ကြည့်ပါအုံး အစ်ကိုရယ်။ မမခင်ကိုယ်တိုင် ကျောင်းထိအောင် လာဖိတ်သွားတာ။ ဒီဖိတ်စာ တစ်စောင်ကိုက တစ်ဆယ်ကျော်ကျတယ်တဲ့။ ဒါလေးက အလျူလှည့်လိုက်ဖို့ ဖိတ်စာ။ အစ်ကို နဲ့ ချိုတို့စုံတွဲ လိုက်ဖြစ်အောင် လိုက်ရမယ်တဲ့။”

“လိုက်ရုံပေါ့ချိုရဲ့၊ ငယ်ငယ်ကတည်းက ဆွေမျိုးတွေလို ခင်လာကြတာဆိုတော့ ဘာခက်တာမှတ်လို့”

“ဟော...အစ်ကိုကတော့ လွယ်လွယ်ပြောပြီ။ ဘာခက်တာမှတ်လို့တဲ့။ ခက်တယ်အစ်ကိုရဲ့ ခက်တယ်။ ချိုမှာ ဒီနေ့တစ်ရက်လုံး စာသင်ရတာ စိတ်ကို မဖြောင့်ဘူး။ ဘယ်လို ကြံရမယ်ဆိုတာ စဉ်းစားရလွန်းလို့ ခေါင်းတွေကို ပူလို့။ အစ်ကို မြင်တယ်မဟုတ်လား။ ချိုတို့မြို့မှာဖြစ်နေတဲ့ အလျူလှည့်စတိုင်က ၊ ဘယ်လိုပြောရမလဲ ဆိုတော့ အလှပြပွဲ၊ အဲ....ဖက်ရှင်ပြပွဲလို့ ခေါ်မလား။ ကြွားပွဲကြီးလို့ပဲ ခေါ်မလား။ အချို့အလျူရှင်တွေဆိုရင် သူတို့ အလျူလှည့်ပွဲမှာ ရွှေနှစ်ဆယ်သား အနည်းဆုံး ၀တ်နိုင်တဲ့သူကိုမှ ရွေးဖိတ်တာတဲ့ အစ်ကိုရဲ့။ ဟုတ်တော့လည်း ဟုတ်နေသလိုပဲနော်။ အလျူလာကြည့်တဲ့ ပရိသက်ကလည်း မြို့လုံးကျွတ်နီးပါးဆိုတော့ ဘယ်သူတွေဘာဝတ်ထားတယ် ဘယ်သူတွေဘယ်လောက်ဝတ်နိုင်တယ်၊ ဘယ်စုံတွဲကကြည့်လို့ အကောင်းဆုံး ဆိုတာလောက်ကိုပဲ ဦးစားပေးကြည့်ကြတာမဟုတ်လား။ လျူဖွယ်ပစ္စည်းကိုကြည့်ပြီး သာဓုအနုမောဒနာ ခေါ်တဲ့လူက နည်းနည်း လောက်ပါတာ။”

ဇနီးသည်၏ ဝေဖန်သလိုလို အားကျသလိုလို ပြောသွားသည့် စကားတွေနားထောင်ပြီး ကိုသက်ဦးတစ်ယောက် ခေတ်အလျူ ဆိုသည့် ကဗျာတစ်ပုဒ်ဖက်လိုက်ရသည်။ ခံစားလိုက်ရသည်။ ဦးတည်ချက်က ဘာလဲဆိုတာ ရေးရေးလေး သဘောပေါက်နေပေမယ့် အတိအကျတော့ မသိရသေး။

“ချို့ဟာကလည်း ရှေ့နေမယားလို့ မပြောရဘူး။ ကွေ့ခါ ပက်ခါနဲ့ လျှောက်လဲချက်တွေ ပေးနေတုန်းပါလား။ လိုရင်း တိုရှင်းလေ လုပ်စမ်းပါဦး။”

“လာမှာပေါ့ အစ်ကို။ ချိုက ဘာပဲပြောပြော အထက်တန်းပြဆရာမတစ်ယောက်။ အစ်ကိုကလဲ တရားရုံးချူပ်ရှေ့နေ။ သူ့ဟာနဲ့ သူတော့ အဆင့်အတန်းလေး ရှိသေးတာပဲ။ ဘွဲ့ယူတုန်းက ချူပ်ဖူးတဲ့ ငွေဇာပြင်ဝတ်စုံအဖြူက ခုခေတ်နဲ့ ဘယ်လိုမှ မကိုက်တော့ဘူး။ ချို့ဆီမှာရှိတဲ့ အကောင်းဆုံး ချိတ်လုံချည်ကလည်း အပွဲပွဲ တိုးထားတော့ ရိုးအီလို့နေပြီ။ သူများတွေလို ခြောက်ထောင်၊ ခုနစ်ထောင်တန်ထိ မမျှော်မှန်းရဲပါဘူး အစ်ကိုရယ်။ အခုခေတ်စားနေတဲ့ ဇင်းမယ်လောက်တော့ မဖြစ် ဖြစ်တဲ့နည်းနဲ့ စွန့်စားရတော့မယ် ထင်တယ်။ မမခင်တို့ မျက်နှာကလည်း ရှိသေးတယ် မဟုတ်လား။ အဲဒါကျောင်းက ဆင်းဆင်းချင်း စိန်စိန်တို့ ဆိုင်ကိုဝင်လေ့လာပြီးပြီ။ ဇင်းမယ်က ထောင့်ငါးရာ၊ ဆွစ်ဇာလန်ဇာတွေထိ မလုပ်နိုင်တော့ ဘူး။ မှန်ဇာက နှစ်ထပ်ချူပ်ရင် နှစ်ရာငါးဆယ်လောက်ရှိတယ်တဲ့။ ခြုံဖို့ပ၀ါက တစ်ရာ့ငါးဆယ်လောက်ဆိုတော့ ငွေစုငွေချေးက နှစ်ထောင်လောက်တော့ အနည်းဆုံးချေးမှထင်တယ်။ နော်အစ်ကို ....နော်...။ ဒါတောင် ချူပ်ခ၊ အလှပြင်ခ မပါသေးဘူး။ အလျူငွေ ထည့်ဖိုကျတော့ ဟိုတစ်နေ့က အစ်ကို အမူ့လိုက်ခ ရထားတဲ့ ငွေငါးရာ ရှိနေသေးလို့ တော်တော့တယ်။”

ဇနီးသည်၏ အဆင့်ဆင့် ရှင်းပြသွားပုံကို သုံးသပ်ရင်း ဟုတ်ပေါ့ ဟုတ်တာပေါ့ဆိုပြီး ခေါင်းတညိတ်ညိတ် လုပ်ရုံမှအပ ကိုသက်ဦး ဘာမျှ ပြောစရာ မရှိ။ ဇနီးသည် ဆက်လာမည့် စကားကို နားစွင့်နေလိုက်သည်။

“အတွက်တော့ အဆင်ပြေသွားပြီ ထားပါတော့။ အစ်ကို့အတွက်က ၀တ်နေကျ ရွှေဖလားရောင် ရခိုင်လုံချည်ကြီးနဲ့တော့ မဖြစ်သေးဘူး။စတစ်ကော်လာအဖြူ တိုက်ပုံအဖြူ ရှိပြီးပြီပဲ ထားတော့။ ပုဆိုးက အခုဝတ်နေကြတဲ့ ပိုးယောလောက်တော့ .....။ သြော်..ပိုးယောဆိုမှ အစ်ကို့သူငယ်ချင်း ကိုဝင်းစိန်တို့ အလျူတုန်းက သူဝတ်တဲ့ ခရမ်းရောင်ပိုးယောကို ငှားလိုက်ရအောင်၊ ဟုတ်ပြီ၊ ဟုတ်ပြီ၊ ချိုဖို့လည်း ခရမ်းရောင်ကိုပဲ ရွေးလိုက်တော့မယ်။ ဒါမှ ချိုတို့စုံတွဲ လူအကြည့် ခံရဆုံးဖြစ်မှာ။ အစ်ကို့ညီမ ဖြူသဲဆီမှာ ဖန်ဒေါက်မြင့်ခရမ်းရောင်လေးရှိတယ်။လက်ဝတ်လက်စားသုံးဆယ်သားလောက်ကိုတော့ ယောက်ခမကြီးဆီက အစ်ကို ယူပေးပေတော့...ဟင်း...ဟင်း...။ ခုလိုကျတော့လည်း အစစ အရာရာ အဆင်ပြေသွားပြန်ရော။”

အလျူပွဲအတွက် စိတ်အခက်အခဲတွေ့နေသည့် ဇနီးသည်၏ တဟင်းဟင်း ရယ်သံကြားမှ ကိုသက်ဦးပါရောရောင်၍ စိတ်လက်ပေါ့ပါးသွားရတော့သည်။

“သြော်..အစ်ကို့ ကိုပြောဖို့ တစ်ခုကျန်နေသေးတယ်။ မမခင်က ပြန်ခါနီး အထပ်ထပ်မှာသွားလိုက်သေးတယ်။ လှလှပပ လေးအစွမ်းကုန် လုပ်ခဲ့နော်တဲ့။ ဗွီဒီယို ရိုက်မှာ ၊ မန္တလေးကအဖွဲ့တွေ ခေါ်ထားတယ်တဲ့။”

Tuesday, July 12, 2011

လူမိုက် လာပြီ

တစ်ခါတုန်းက ဘောဇမင်းဆိုတာရှိခဲ့ဖူးပါတယ်။ သူ့ရဲ့အားကိုးရတဲ့ ပညာရှိအမတ်ကြီးကတော့ ကာလီဒါသ အမတ်ကြီးပါ။
တစ်နေ့မှာတော့ ဘောဇမင်းဟာ သူ့ရဲ့မင်္ဂလာဥယျာဉ်အတွင်းကို ဘာရယ်တော့မဟုတ်ပါဘူး၊ ထွက်ခဲ့ပါတယ်။ ပျင်းလို့လည်းဖြစ်နိုင်ပါတယ်။ ဒီလိုနဲ့ ဥယျာဉ်ထဲလျှောက်လည်ရင်း ပန်းရုံတစ်ခုရဲ့အနီးမှာ အပျိုတော်နှစ်ယောက် တိုးတိုး တိုးတိုးနဲ့ စကားပြောနေတာ တွေ့လိုက်ပါတယ်။
အပျိုတော်နှစ်ယောက် တိုးတိုး တိုးတိုးနဲ့ ပြောနေတာကို မြင်ရတော့ ဘောဇမင်းက သူတို့ဘာတွေပြောနေတယ်ဆိုတာ သိချင်စိတ် ဖြစ်သွားတယ်တဲ့။ ဒီတော့ ဘောဇမင်းလည်း အပျိုတော်နှစ်ယောက်ရဲ့အနီးကို ကပ်သွားလိုက်ပါတယ်။ ဒါပေမယ့် ဘောဇမင်း အပျိုတော်နှစ်ယောက် အနားရောက်ခါနီးမှာပဲ အပျိုတော်နှစ်ယောက်ဆီက ‘လူမိုက်လာပြီ’ ဆိုတဲ့ အသံတစ်ခုထွက်လာပါတယ်။ ဘောဇမင်းလည်း ရှေ့ဆက် မသွားရဲတော့ဘဲ ရောက်နေတဲ့နေရာကပဲ လှည့်ပြန်ခဲ့ရပါတယ်။
အပျိုတော်နှစ်ယောက်ပြောလိုက်တဲ့ ‘လူမိုက်လာပြီ’ ဆိုတဲ့ စကားဟာ ဘောဇမင်းရဲ့နားထဲက လုံးဝ မထွက်တော့ပါဘူး။
‘ဒီအပျိုတော်တွေဟာ ငါ့ရဲ့မောင်းမမိဿံ တွေပဲ။ ငါကဲ့သို့ မင်း လာတာတောင် လူမိုက်လာပြီလို့ ပြောလိုက်တာ အကြောင်းမဲ့တော့ မဟုတ်လောက်ဘူး။ စင်စစ် ငါ့ကို လူမိုက်လို့ပြောရလောက်အောင် အကြောင်းတစ်ခုခုတော့ ရှိရမယ်။ သူတို့ကိုပြန်မေးဖို့ကျပြန်တော့လည်း မသင့်ပြန်ဘူး။ အင်း..ဘယ်လိုလုပ်ရပါ့’
ဘောဇမင်းက နန်းတော်ပြန်ရောက်တော့ ပြဿနာရဲ့အဖြေကို ကိုယ်တိုင်စဉ်းစားပါတယ်။ အပြန်ပြန်အလှန်လှန်နဲ့ အကြိမ်ကြိမ် စဉ်းစားပါတယ်။ ဒါပေမယ့် အဖြေက ထွက်မလာပါဘူး။ ကိုယ်တိုင်စဉ်းစားခြင်းဟာ အဖြေတစ်ခုတော့ ရတတ်မြဲဆိုတဲ့အတိုင်း ဘောဇမင်းအတွက် အကျိုးမဲ့ အချိန်ကုန်မှုမျိုးတော့ ဖြစ်မသွားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စဉ်းစားရင်းနဲ့ ကိုယ်တိုင်အဖြေမရှာတတ်ပေမယ့် ဘယ်သူ့ဆီက အဖြေ ရနိုင်တယ်ဆိုတာ စဉ်းစားရင်း သိလိုက်လို့ပါပဲ။
ဘောဇမင်းဟာ နောက်တစ်နေ့ ညီလာခံသဘင်မှာ ဘယ်သူမှ မရောက်ခင် သူကဦးအောင် ရောက်နေလိုက်ပါတယ်။
ညီလာခံသဘင်ထဲကို မှူးမတ်တွေဝင်လာတိုင်း ၀င်လာတိုင်း ဘောဇမင်းက ‘လူမိုက်လာပြီ’လို့ချည်း ဆီးဆီးပြောနေပါတော့တယ်။ မှူးမတ်တွေလည်း ဘောဇမင်းက ‘လူမိုက်လာပြီ’လို့ ဆီးဆီးပြောနေတော့ ငါတို့ ဘာအပြစ်တွေများ လုပ်ထားမိပါလိမ့်ဆိုပြီး အယောင်ယောင် အမှားမှားနဲ့ လန့်ဖြန့်ပြီး ကိုယ့်နေရာကိုယ် အမြန်ထိုင်လိုက်ကြပါတယ်။
မကြာခင်မှာဘဲ ကာလီဒါသအမတ်ကြီး ၀င်လာပါတယ်။ ဘောဇမင်းကလည်း ရှေ့မှူးမတ်တွေ ပြောခဲ့တဲ့အတိုင်း ဆီးပြောလိုက်ပါတယ်။
“လူမိုက်ကြီးလာပြီ”
ကာလီဒါသအမတ်ကြီးဟာ ဘောဇမင်းရဲ့ စကားသံ ကြားလိုက်ပေမယ့် ဣနြေ္ဒမပျက် မတ်တပ်ရပ်ရင်းပဲ ပြန်လျှောက်လိုက်ပါတယ်။
“အရှင်မင်းကြီး၊ ကျွန်တော်မျိုးကို ဘာဖြစ်လို့ လူမိုက်လို့ ခေါ်ရတာလည်း၊ ကျွန်တော်မျိုးဟာ လူနှစ်ယောက် တိုးတိုးတိတ်တိတ် တိုင်ပင်နေတဲ့ နေရာကို သုံးယောက်ဖြစ်အောင် အလိုက်ကန်းဆိုးမသိ မသွားခဲ့ဖူးပါဘူး”
ကာလီဒါသ ပညာရှိအမတ်ကြီးရဲ့ စကားကြားလိုက်တော့မှ ဘောဇမင်းလည်း ‘သြော်…ငါက တိုးတိုးတိတ်တိတ်နဲ့ လူနှစ်ယောက် တိုင်ပင်နေတဲ့နေရာကို သွားခဲ့မိတာကိုး’လို့ တွေးပြီးအဖြေကို သဘောပေါက်သွားပါတော့တယ်။

ကူးယူ ထားမိတဲ့ ကာလိဒါသ ပုံပြင်များကို တင်ပြခြင်းသာ ဖြစ်သည်။ ခွင့်မတောင်းမူ့ကို နားလည်မည်ဟု ထင်မြင်မိပါကြောင်း။