ပုဂံပြည်အနော်ရထားမင်းလက်ထက် သံဃာ့ဥသျှောင် ရှင်အရဟံက သံဃနာယက ကိုးပါးဝင် အရှင်ဥာဏလင်္ကာရကို သာသနာပြုရန် အထက်အညာသို့ စေလွတ်ခဲ့ပေသည်။
ရွာမဖြစ်တည်မှီ ဆင်အင်းဒေသသည် သစ်ကြီးဝါးကြီးပေါများသည့် တောကြီးဖြစ်ခဲ့လေသည်။ သို့သော်လူနည်းစုသည် ဟိုတစု သည်တစု တောင်သူလုပ်ငန်းကို လုပ်ကိုင်နေထိုင်ကြသည်။
ရှင်ဥာဏလင်္ကာရသည် ဆင်အင်းဒေသ အတောအတွင်း သစ်မဉ္ဇူပင်ခြေရင်းတွင် တစ်ပါးတည်း သီတင်းသုံးနေတော်မူသည်။ ရဟန်းကို မြင်ဘူးခြင်းမရှိသော သူများက တွေ့ရှိရာမှ ရဟန်းကစည်းရုံးနိုင်ကာ ဆွမ်းကွမ်း တာဝန်ယူကြပေသည်။
ထိုမှတ၀ ရဟန်းမှ တဆင့်ပြီး တဆင့် ဘာသာတရားများ ဟောကြားရင်း သမန္တတရားလေးပါးအတိုင်း စီးပွားရေးကို ကျိုးစားလုပ်ကိုင်ကြဖို့ ညွန်ကြားရာ မကြားမှီ တိုးတက် ကြီးပွားခဲ့ကြပေသည်။ ၆၉၂ တွင် အင်း ဆယ်အင်းအလယ်ရှိ ပန်းတော်မြတ် လကျာင်္ရစ်ပေါက်သော ရေခံမြေခံကောင်းသည့် အရပ်တွင် ရွာတည်ဆောက်နေထိုင်စေခဲ့လေသည်။
အင်း ၁၀ အင်းမှာ
၁။ နွယ်နီအင်း
၂။ ၀က်တိုးအင်း
၃။ သရက်ချဉ်အင်း
၎။ အုတ်ဖိုအင်း
၅။ ဘော့ကုန်းအင်း
၆။ နားလောက်အင်း
၇။ ရွာလယ်အင်း
၈။ ဘုရားဖြူအင်း
၉။ ဘိုးကာအင်း
၁၀။ စကားအင်း တို့ဖြစ်ပေသည်။
၎င်းအင်း ၁၀ အင်း ခြံရံသောမြေတွင် ရွာတည်ဆောက်ပုံမှာ ရွာအရှေ့တွင် ဗောဓီပင် ( ၇ ) ပင်၊ ရေထွက်ကန် ၂ ကန် စိုက်ပျိုးတူးဖော်စေသည်။ အင်္ဂါဒေါင့်အရပ်တွင် ဘုရားတစ်ဆူတည်စေသည်။ ရွာမြောက်ဆုံးတွင် နတ်ကြီးစင် ထားစေသည်။ ရွာ၏တောင်တွင် သုသာန်ကိုထားစေသည်။ ဆယ်အင်းရွာဟုခေါ်တွင်စေပြီး ဘုံမိအရပ်တွင် သုသာန်ထားခြင်းဖြစ်သည်။
ဆင်အင်းရွာကြီးသည် စီးပွားရေးကောင်း ၊ လူနေများပြားလာကာ ဘာသာ သာသနာသည်လည်း တဟုန်ထိုး တိုးတက်ကြီးပွားထွန်းကားလာလေသည်။ ရှင်ဥာဏလင်္ကာရကို ရဟန္တာဟုပင် သမုတ်ကြပေသည်။ ဆရာတော်သည် စီးပွားတိုးတက်လာသော ရွာသူရွာသားများကို မိမိထွက်ခွာခဲ့သည့် ပုဂံနှင့် မူးမြစ်မှ တဆင့် ဧရာဝတီကို စုန်ကာ ကုန်သွယ်ဖောက်ကားရောင်းဝယ်နိုင်သည့်အထိ ဆောင်ရွက်တော်မူစေခဲ့သည်။ စီးပွားရေး တိုးတက်လာသဖြင့် ရွာကို လမ်းသုံးသွယ်ဖြင့် အိမ်ခြေ ၂ တန်း ၊ ဈေး ၂ တန်း တိုးချဲ့ ဆောက်လုပ်တော်မူစေခဲ့သည်။
စီးပွားရေးတိုးတက်လာကာ ဘာသာရေးမှာ ထွန်ကားကာ လာလေသည်။ စာသင်စာချကျောင်း ၉ ကျောင်း ဖြစ်လာခဲ့သည်။ ၄င်းကျောင်းများမှာ
၁။ ကုန်းသာကျောင်း
၂။ ကျောင်းကြီးကျောင်း
၃။ မင်းကျောင်း
၎။ လှည်းပွဲတိုက်သစ်ကျောင်း
၅။ ရတနာ မြင်သာကျောင်း
၆။ အတုလ ဆရာတော်ကျောင်း
၇။ အများဆရာတော်ကျောင်း
၈။ ရွှေဘုံသာကျောင်း
၉။ ခြေတော်ရာကျောင်း တို့ ဖြစ်သည်။
စီးပွားရေးကောင်းမွန်သဖြင့် သာသနိက အဆောက်အဦးများ ဘုရားများ တည်ဆောက်ခဲ့ကြပေသည်။ နှစ်အနည်းငယ်အတွင်းမှာပင် ဘုရားပေါင်း ၂၅၅ ဆူ တည်ဆောက်ကာ ပြီးမြှောက်ခဲ့သည်။ ( ချုံ ၊ ပိတ် ၊ပေါင်း ) ဆင်အင်း ဘုရားပေါင်းဟု မှတ်သားခဲ့သည်။
၁။ ပြသာဒ်ကြီး
၂။ တံခွန်တိုင်ကြီး
၃။ ဂေါတမကြီး
၎။ခြင်္သေ့ကြီး ဟူသော ကြီး ၄ ကြီးလည်း ပေါ်ထွန်းခဲ့သည်။
ဤသို့များပြားလှသော ဘုရားများထဲမှ ၀ါတွင်း ဘုရားစဉ်ရပွဲများကို မှတ်သားရ လွယ်ကူစေရန်
ရှေးဦးအစ ဂေါတမ ၊ မြတ်လှ ရွှေဘုံသာ ၊ စံတော် ဓါတ်ပေါင်း မြင်သာကျောင်း တောကျောင်း မြတ်ဗုဓ္ဓာ၊ စောပုမြတ်စွာ ခြေတော်ရာ ၊ ကျောင်းကြီး ရှစ်မျက်နှာ ၊ ကုန်သာကျောင်းကြီး ပြသာဒ်ကြီး အပြီး နိဗ္ဗူတာ ဟူ၍ဖြစ်ပေသည်။
No comments:
Post a Comment