“လူအပါအ၀င် ခပ်သိမ်းသောသတ္တ၀ါတွေရဲ့ အမှတ်သညာဟာ ထပ်ခါတလဲလဲဖြစ်တဲ့အရာပေါ်မှာ အာရုံခံစား စွဲထင်သွားတတ်တဲ့သဘောရှိတယ်၊ မုသားစကားတစ်ခုဟာလဲ ထပ်ခါတလဲလဲ ပြောဖန်များလာရင် သတ္တ၀ါတွေရဲ့ စိတ်ထဲမှာအမှန်လိုလို အထင်ရောက်သွားတတ်တယ်”။
ဘုရင်ကြီးက ကာလီဒါသကို ပညာစမ်းချင်တာနဲ့ အဲဒီအဆိုကို သက်သေမပြနိုင်ရင် မယုံနိုင်ဘူးလို့ အမိန့်ရှိလိုက်တယ်။ ကာလီဒါသကလဲ အချက်အလက်မရှိ၊ သက်သေမထူနိုင်တဲ့စကားမျိုးကို ပြောရိုးထုံးစံမရှိတဲ့ ပညာရှိတစ်ယောက်ပီပီ “မှန်လှပါ၊ ဒီအဆိုမှန်ကန်ကြောင်း ကျနော်မျိုး သက်သေထူနိုင်ကြောင်းပါဘုရား”လို့ ဦးတင်လျှောက်ထားလိုက်တယ်။
ဒီလိုနဲ့ နောက်တစ်နေ့မှာ ဘုရင်နဲ့ အမတ်ကြီးတို့နှစ်ယောက်ဟာ သာမန်အရပ်သားအ၀တ်အစားတွေနဲ့ နန်းတော်ထဲက တိတ်တဆိတ်ထွက်လာပြီး မြို့အတွင်းဝင်လာခဲ့ကြတယ်။ အဲဒီလိုလာခဲ့ကြရာက လမ်းမှာသမင်အသေတစ်ကောင်ပုခုံးပေါ်ထမ်းပြီး တောထဲက ပြန်လာတဲ့ မုဆိုးတစ်ယောက်ကို ကံအားလျှော်စွာတွေခဲ့ကြတယ်။ ကာလီဒါသက ၀မ်းသာအားရနဲ့ “ မြို့ထဲအထိ သွားစရာမလိုတော့ဘူး၊ ဒီနေရာမှာပဲ ကျနော့်စကားအတွက် သက်သေပြလို့ရပြီ” လို့ ဘုရင်ကြီးကိုပြောလိုက်တယ်။ ဘုရင်ကြီးလဲ ကာလီဒါသလျှောက်ထားချက်ကို စိတ်ဝင်တစားနားထောင်ပြီး ဘယ်လိုများသက်သေပြမလဲဆိုတာကို သိချင်နေတယ်။
သားကောင်ပုခုံးထမ်းလာတဲ့ မုဆိုးအနားသွားပြီး ကာလီဒါသက “ဟေ့လူ၊ ခင်ဗျားဘာဖြစ်လို့ ခွေးအသေကောင်ကြီး ပုခုံးပေါ်ထမ်းလာရတာလဲ” လို့မေးလိုက်တယ်။ မုဆိုးက စိတ်ဆိုးမာန်ဆိုးဖြစ်ပြီး “ဒါ ခွေးအသေကောင်မဟုတ်ဘူးဗျာ့၊ သမင်၊ သမင်၊ အခုမှ တောထဲက ပစ်လာတဲ့ လတ်လတ်ဆတ်ဆတ်သမင်ဗျာ့”လို့ ပြန်အော်လိုက်တယ်။ ကာလီဒါသကလဲ “ကျုပ်မျက်စိကတော့ ခွေးအသေကောင်လို့ မြင်တာပဲဗျာ့” ဆိုပြီး ခပ်တည်တည်နဲ့လှိမ့်လိုက်တယ်။ အဲလိုပြောပြီး ဘုရင်ကြီးနဲ့ ကာလီဒါသတို့ဟာ အဲဒီမုဆိုးအရင် သူသွားမည့်လမ်းကြောင်းအတိုင်းသွားပြီး တစ်နေရာမှာ အ၀တ်အစားတွေပြောင်းလဲဝတ်ဆင်၊ ရုပ်ဖျောက်ပြီး မုန့်ဆိုးကို စောင့်နေကြတယ်။ တွေ့တဲ့အခါကျတော့ ကာလီဒါက “ဟေ့မုဆိုးကြီး၊ ခင်ဗျားက ဘာဖြစ်လို့ ဆိတ်ကို သတ်ပြီးထမ်းလာရတာလဲ၊ အဲဒါ ခင်ဗျားပိုင်တဲ့ဆိတ်ကော ဟုတ်ရဲ့လား၊ သူများဟာဆိုရင် တရားအစွဲခံနေရဦးမယ်နော်” လို့ပြောလိုက်တယ်။ မုဆိုးလဲ စိတ်ဆိုးပြီး “ခင်ဗျား ဘာတွေလျှောက်ပြောနေတာလဲ၊ ဒါ ဆိတ်မဟုတ်ဘူးဗျာ့၊ တောထဲက ပစ်လာတဲ့ သမင်၊ သမင်” လို့ပြောလိုက်တယ်။ ကာလီဒါသကလဲ အထက်မှာ သူပြောတဲ့အတိုင်း “ကျုပ်မျက်စိကတော့ ဆိတ်အသေကောင်လို့မြင်တာပဲဗျား” လို့ပြန်ပြောလိုက်ပြန်တယ်။
ဒါပေမဲ့ မုဆိုးစိတ်ထဲမှာတော့ “ခုနားကလမ်းမှာတွေ့ခဲ့တဲ့ လူတစ်ယောက်က ငါထမ်းလာတဲ့ သမင်အသေကို ခွေးအသေကောင်လို့ ပြောတယ်။ အခုဒီလူကျတော့ ဆိတ်အသေလို့ပြောနေပြန်ပြီ၊ ငါထမ်းလာတာ သမင်ကောဟုတ်ရဲ့လား” လို့ သံသယ၀င်သွားတယ်။ ကာလီဒါသနဲ့ ဘုရင်ကြီးလဲ မုဆိုးထက်ဦးအောင် ခပ်သွက်သွက်သွား၊ အ၀တ်အစားလဲ၊ ရုပ်ဖျောက်ပြီး မုဆိုးလာရာလမ်းကြောင်းပေါ်က စောင့်နေလိုက်ကြတယ်။ မုဆိုးကြီးအနားရောက်လာတဲ့အခါကျတော့ မသိယောင်ဆောင်ပြီး “မုဆိုးကြီး၊ ခင်ဗျားပုခုံးပေါ်ထမ်းလာတဲ့ တောဝက်ကြီးက အကြီးကြီးပါလား၊ ပိတ်သာချိန်အတော်များများရမှာပဲနော်” လို့ ပြောလိုက်တယ်။ ဒီတစ်ခါတော့ မုဆိုးကြီးလဲ စိတ်မဆိုးတော့ဘူး။ ဒါပေမဲ့ သူ့စိတ်ထဲမှာ ကြောက်လာတယ်။ သူထမ်းလာတဲ့ သမင်အသေကောင်ကို လမ်းတွေ့တဲ့လူတိုင်းက တစ်ယောက်တစ်မျိုးစီပြောနေကြတဲ့အပေါ်မှာ ယုံကြည်မူတွေဝင်လာပြီး သူထမ်းလာတဲ့အကောင်ဟာ နာနာဘာဝတစ်ကောင်ကောင်က အမျိုးမျိုးဖန်ဆင်းလိုက်လာတယ်လို့ ထင်သွားတယ်။ အဲဒီလိုထင်လိုက်တာနဲ့ ကြက်သီးမွှေးညင်းတွေ ဘာတွေထပြီး ထမ်းထားတဲ့ သမင်အသေကောင်ကို ပစ်ချပြီး သူ့အိမ်ကို တန်းပြေးတော့တာပါပဲ။
ကာလီဒါသလဲ ဘုရင်ကြီးကိုလှည့်ကြည့်လိုက်တယ်။ ဘုရင်ကြီးလဲ ကာလီဒါသရဲ့စကားကို ထောက်ခံပြီး “ထပ်ခါတလဲလဲ ပြောဖန်များတဲ့ မုသားစကားတစ်ခွန်းဟာ လူတွေရဲ့စိတ်ထဲမှာ အမှန်လို့ ထင်ယောင်ထင်မှားဖြစ်တတ်ပါလား” လို့မှတ်ချက်ပြုလိုက်တယ်။